ယခု ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလ နှစ်လတာအတွင်း လေးလုံးပူးနံပါတ်အလှ ရောင်းချရမှုနှင့် ယာဉ်ပိုင်ရှင်စိတ်ကြိုက် နံပါတ်အလှ ရောင်းချရမှုမှ ကျပ်သိန်းပေါင်း လေးထောင်ကျော် ရရှိခဲ့ကြောင်း ‘ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာန’ မှ သိရသည်။

ပြီးခဲ့သည့် နှစ်လတာအတွင်း ထောက်ကြန့်ကညနရုံး၊ ကနဦးမှတ်ပုံတင်ဌာနအနေဖြင့် လေးလုံးပူးနံပါတ်ရောင်းချရမှုမှ ယာဉ် ၁၈ စီးစာအတွက် ကျပ် ၅၉၈ သိန်း၊ ယာဉ်ပိုင်ရှင်စိတ်ကြိုက် ကနဦးမူသေနံပါတ်ရောင်းချရမှုမှ ယာဉ် ၅၀၈ စီးစာအတွက် ကျပ် ၃,၇၃၈ သိန်း စုစုပေါင်း ကျပ်သိန်းပေါင်း ၄,၃၃၆ သိန်းရရှိထားကြောင်း သိရသည်။

“၂၀၁၆ ခုနှစ်အစပိုင်းမှာတော့ ကနဦးလာရောက်ပြုလုပ်တဲ့သူတွေက နည်းပါတယ်၊ ယာဉ်ပိုင်ရှင်စိတ်ကြိုက် ကနဦးနံပါတ်ရောင်းချမှုကလည်း တစ်ရက်ကို ၁၁ စီးနဲ့ ၁၂ စီးလောက်က ပုံမှန်ပဲ ဖြစ်ပါတယ်၊ ဖေဖော်ဝါရီလလောက်ရောက်မှ ကနဦးလာရောက်ပြုလုပ်တဲ့ကားတွေလည်း များလာသလို၊ ယာဉ်ပိုင်ရှင်စိတ်ကြိုက် ကနဦးမူသေ နံပါတ်ရောင်းချမှုလည်း ဇန်န၀ါရီလထက်စာရင် ပိုများလာပါတယ်” ဟု ထောက်ကြန့်ကညနရုံး ကနဦး မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ထောက်ကြန့်ကညနရုံး၌ ယာဉ်ပိုင်ရှင်စိတ်ကြိုက်နံပါတ်ရောင်းချမှုမှ ယခုလ ၁ ရက်မှ ၁၄ ရက်အထိ ယာဉ် ၁၅၃ စီးစာအတွက် ကျပ် ၉၇၃ သိန်း ရရှိခဲ့ကြောင်း၊ နေ့စဉ် ကနဦးနံပါတ်များ ထုတ်ပေးမှုအရ မတ် ၁၅ ရက်အထိ 2L/8278 နှင့် GG/6861 သို့ ရောက်ရှိနေပြီး အဆိုပါနေ့တွင်ဌာန၏ ငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ် ဒေါ်လာလျှင် မြန်မာငွေ ၁,၂၁၈ ကျပ်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဘုန်း
Automobile Journal