ယခုလ နှစ်ပတ်တာကာလအတွင်း ကားပါကင်ထောက်ခံချက် ချထားပေးသည့် အစောင်ရေ သိသိသာသာ ပြန်လည်များပြားလာကြောင်း ‘ကားပါကင်ထောက်ခံချက် စိစစ်ထုတ်ပေးရေးအဖွဲ့’ မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဇန်န၀ါရီ ၁ ရက်မှစ၍ ဖေဖော်ဝါရီလကုန်အထိ ကားပါကင်ထောက်ခံချက် အစောင်ရေ ၁,၅၄၆ စောင် ခွင့်ပြုပေးခဲ့ပြီး တစ်ပတ်လျှင် ပျမ်းမျှခွင့်ပြုအစောင်ရေ ၁၉၀ ခန့်သာရှိခဲ့သော်လည်း ယခုလ ပထမပတ်တွင်မူ ကားပါကင် ထောက်ခံချက် ချထားပေးမှုမှာ အစောင်ရေ ၃၇၅ စောင်နှင့် ဒုတိယပတ်တွင် အစောင်ရေ ၄၈၂ စောင် ခွင့်ပြုပေးခဲ့ကြောင်း ကားပါကင်ထောက်ခံချက် စိစစ်ထုတ်ပေးရေးအဖွဲ့မှ သိရသည်။

“ပြီးခဲ့တဲ့ ဇန်န၀ါရီလနဲ့ ဖေဖော်ဝါရီလတွေမှာတော့ ကားပါကင်ထောက်ခံချက် ချထားပေးမှုက လျှောက်ထားတဲ့အစောင်ရေ နည်းပါးသလို ခွင့်ပြုပေးခဲ့တဲ့ အစောင်ရေကလည်း နည်းပါတယ်၊ အခုလမှာတော့ ၂၀၁၆ CIF တန်ဖိုးသစ်ကို အတည်ပြုပေးလိုက်တဲ့အတွက် အမှန်တကယ် ကားတင်သွင်းမယ့်သူတွေလည်း များပြားလာသလို ကားပါကင်ထောက်ခံချက် လျှောက်ထားမှုကလည်း သိသိသာသာ များလာပါတယ်၊ အဲဒါကြောင့် အမှန်တကယ် ကားတင်သွင်းမယ့်သူတွေအတွက် ကားပါကင်ထောက်ခံချက် ချထားပေးမှုကလည်း အရင်လတွေထက် ပိုများလာတာ ဖြစ်ပါတယ်” ဟု ကားပါကင်ထောက်ခံချက် စိစစ်ထုတ်ပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလမှ စ၍ ယခုမတ်လ ဒုတိယပတ်အထိ ကားပါကင်ထောက်ခံချက် ချထားပေးသည့်အစောင်ရေမှာ ၃,၃၆၄ စောင်ရှိခဲ့ပြီး တစ်ဦးချင်းလျှောက်ထားမှုအတွက် ၂,၅၃၄ စောင်နှင့် ကုမ္ပဏီ/အသင်းအဖွဲ့လျှောက်ထားမှုအတွက် အစောင်ရေ ၈၃၀ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ကိုဘုန်း