Model Year ကွဲလွဲပြီးတင်သွင်းခဲ့သည့်ကားများကို ၂၀၁၅ CIF တန်ဖိုးအတိုင်း အခွန်သတ်မှတ်မည် ဖြစ်ကြောင်း ‘အကောက်ခွန်ဦးစီးဌာန’ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နယ်စပ်မှတစ်ဆင့် မော်တော်ယာဉ်တင်သွင်းခွင့် ပြုပေးခဲ့စဉ်က လုပ်ငန်းသုံးကားများကို တင်သွင်းခွင့်ပေးခဲ့ရာ ကားတင်သွင်းသူအချို့မှာ ၂၀၁၅ မိုဒယ် Toyota Revo Pick-up များကို ၂၀၁၀ မိုဒယ် Reconditioned ဟု ပါမစ်လျှောက်ထားပြီး တင်သွင်းခဲ့သည်။ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်အရ ရောက်ရှိခုနှစ်နှင့် တစ်နှစ်လျော့ကားများကို ဘယ်မောင်းတစ်မျိုးတည်း တင်သွင်းခွင့်ပေးထားရာ နယ်စပ်မှ တင်သွင်းလာသော ယင်း Revo Pick-up များသည် ၂၀၁၅ မိုဒယ် ညာမောင်းကားများ ဖြစ်နေသဖြင့် အကောက်ခွန်ဦးစီးဌာနမှ ထိုကားများကို ဈေးနှုန်းပြန်လည်သတ်မှတ်ပြီးမှ ကနဦးမှတ်ပုံတင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

“Model Year ကွဲလွဲခဲ့တဲ့ ကားတွေကို ပြီးခဲ့တဲ့နှစ် CIF တန်ဖိုးအတိုင်း ကောက်ခံသွားမှာ ဖြစ်ပါတယ်၊ ဒီအမှုတွဲတွေကို တင်သွင်းလာတဲ့ ကာလပေါက်ဈေးအတိုင်း သတ်မှတ်မှာဖြစ်တဲ့အတွက် CIF နှုန်းထားကလည်း အရင်နှစ် CIF နဲ့ပဲ ကောက်သွားမှာ ဖြစ်ပါတယ်” ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ဖြစ်ပွားခဲ့သည့်နှစ်အတိုင်း ID များကို ဈေးနှုန်းသတ်မှတ်ရာ၌ တင်သွင်းခဲ့သည့် ကာလပေါက်ဈေးအတိုင်းသာ သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ Toyota Revo Pick-up များသည် ၂၀၁၅ ခုနှစ် နှစ်မကုန်မီက 6K နံပါတ်များဖြင့် ဖောင်းကြွနံပါတ်များကို မဲနှိုက် ထုတ်ယူထားရာ မန္တလေးတိုင်းဒေသကြီး၌ ၄၇ စီးအထိရှိပြီး လက်တလောအခြေအနေအရ အလားတူအမှုတွဲများကို ကနဦးမှတ်ပုံတင်ပြုလုပ်ခြင်း ရပ်ဆိုင်းထားကြောင်း သိရသည်။

ကျော်သိန်းဆွေ