ဒေါ်လာဈေးသည် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ပျမ်းမျှပေါက်ဈေး ၁၀၃၉ ကျပ် ပေါက်နေရာမှ တဖြည်းဖြည်း မြင့်တက်လာပြီး ဇူလိုင် ၁၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၄၀ ကျပ်အထိ မြင့်တက်လာကြောင်း၊ ၁၇ ရက် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာလည်း ၁၂၁၆ ကျပ် ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ ငွေကြေးတန်ဖိုး ကျနေသောကြောင့် ယခင်က ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် မြန်မာငွေ ၃၀ ကျပ်နှင့် ညီမျှနေသော်လည်း လက်ရှိအချိန်တွင် ၃၆ ဘတ်နှင့် ၃၇ ဘတ်ကြားအထိ မြင့်တက်နေကြောင်း၊ ပြီးခဲ့သည့်လအတွင်း အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေး ကျပ် ၁၃၀၀ အထိ ရောက်ရှိသွားချိန်တွင် ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၃၇ ကျပ်နှင့် အရောင်းအ၀ယ် လုပ်နေကြောင်း၊ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေ၏ လဲလှယ်နှုန်းကလည်း တစ်ဒေါ်လာကို ၃၄ ဘတ် ရှိနေကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများလည်း ဈေးမြင့်တက်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် မူဆယ်နယ်စပ် ကုန်သွယ်ရေးတွင် တစ်ဒေါ်လာလျှင် ၆ ဒသမ ၂ ယွမ်ရှိနေပြီး တစ်ယွမ်လျှင် မြန်မာကျပ်ငွေ ၂၀၀ နီးပါးနှင့် ညီမျှနေကြောင်း၊ ယခင်က တစ်ယွမ်လျှင် ၁၆၀ နှင့် ၁၇၀ ကြား ရှိခဲ့ရာမှ ယင်းကဲ့သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ဒေါ်လာဈေးတက်တော့ ယွမ်ဈေးကလည်း ဒေါ်လာနဲ့ ချိတ်ပြီးတော့ မြန်မာငွေနဲ့ လဲလှယ်တဲ့အခါမှာ ဈေးတက်သွားတယ်။ အရင်တုန်းက တစ်ယွမ်ကို ၁၆၀ နဲ့ ၁၇၀ ကြား ရှိတယ်။ အခုတော့ ၂၀၀ ပြည့်ဖို့ နည်းနည်းပဲ လိုတော့တယ်။ နယ်စပ်ကုန်သွယ်ရေးမှာ ဒေါ်လာနဲ့တွက်တယ် ဆိုပေမယ့် တကယ်တမ်း အရောင်းအ၀ယ်လုပ်တော့ ယွမ်နဲ့ပဲ အရောင်းအ၀ယ် လုပ်ကြတာ။ ဒါပေမဲ့ ပို့ကုန်သမားတွေကတော့ တွက်ခြေကိုက်တယ်လေ။ သွင်းကုန်ကတော့ မကိုက်ဘူးပေါ့။ မကိုက်တဲ့အပြင် အရင်တုန်းက အကြွေးစနစ်နဲ့ ယူထားတာတွေပါ ခုချိန်မှာ ပြန်ဆပ်ရတော့ ပိုပြီးတော့ အခက်အခဲ ဖြစ်စေတာတော့ အမှန်ပဲ။ ငွေလဲနှုန်းကလည်း တော်တော်လေး ဟသွားတာကိုး” ဟု မူဆယ်နယ်စပ် ကုန်သည်ကြီးများအသင်းမှ ဥက္ကဋ္ဌ ဦးဋ္ဌေးဦးက ပြောကြားသည်။

ထို့အတူ ဇူလိုင်လ အစောပိုင်းတွင် မြ၀တီ အာရှလမ်းသစ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ထိုင်းနိုင်ငံမှ ၀င်ရောက်လာသည့် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာလည်း ၁၅ ရာခိုင်နှုန်း ၀န်းကျင်အထိ တက်သွားကြောင်း၊ ထို့အတူ နယ်စပ်ကုန်သွယ်ရေးတွင် ချောမွေ့မှု မရှိခြင်းသည်လည်း ဈေးတက်ရခြင်း အကြောင်းရင်းများ ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ကမူ တိုက်ပွဲများ ဖြစ်နေသော်လည်း နယ်စပ်ကုန်သွယ်ရေး ကျဆင်းခြင်း မရှိကြောင်း ပြောကြားသည်။

“ခုချိန်ထိ နယ်စပ်ကုန်သွယ်ရေးက သိပ်မကျပါဘူး။ နည်းနည်းတော့ကျတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ထိုင်းနဲ့ နယ်စပ်ကုန်သွယ်မှု ပြုတာက မြ၀တီ တစ်ပေါက်တည်းမှ မဟုတ်တာ။ တာချီလိတ်၊ ထီးခီး၊ ကော့သောင်း၊ မောတောင် စသဖြင့် ရှိနေတာပဲလေ။ ပင်လယ်ရေကြောင်းကနေလည်း တိုက်ရိုက်ကုန်သွယ်နေတာ ရှိတာပဲ။ နောက်ပြီး ဖြစ်တဲ့ရက်ကလည်း သုံး၊ လေးရက်ပဲ ရှိတာဆိုတော့ ပြဿနာ သိပ်မရှိဘူး။ အရင်တုန်းကတည်းက ဒီလမ်းကြောင်းကြီးက အတက်တစ်ရက် အဆင်းတစ်ရက် ဆိုတာ ရှိတာပဲ။ အတက်ကားရှိတဲ့နေ့ဆို အဆင်းကား မလာဘူးပေါ့။ ခြောက်ရက်ဆိုရင်တောင် အတက်သုံးရက်၊ အဆင်းသုံးရက်လေ။ အဲဒီရက်ပိုင်းက ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ရင်တော့ သိပ်ပြီး ထိခိုက်မှု မရှိပါဘူး” ဟု ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

ဆက်လက်၍ ၎င်းက “အဓိက ကတော့ ဘာဖြစ်လဲဆိုတော့ ထိုင်းရဲ့ ပစ္စည်းတွေ ဈေးတက်တယ်ပေါ့။ ပိတ်တာမှ နှစ်ရက်ပဲ ရှိသေးတယ်။ ဈေးတက်လာတယ် ဆိုတာကတော့ ဒါဟာ ကုန်ပစ္စည်း ပြတ်လပ်မှုကြောင့် မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ထိုင်းက ကုန်ပစ္စည်းက ခေါက်ပြန်ပြေးရောင်းနေတဲ့ ကုန်မှ မဟုတ်တာ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်ပစ္စည်းရောင်းနေတာပဲ။ ထိုင်းရဲ့ စတော့ကလည်း ဒီမှာ ရှိနေတာပဲ။ ဒါဆိုရင်တော့ ဈေးတက်တာက ကုန်သည်က အကြောင်းပြပြီး ဈေးတက်တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေးတွင် ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၆၅ သန်း၊ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၅ သန်း၊ အိန္ဒိယနှင့် တစ်သန်းကျော်ရှိကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု အများအပြား မရှိလှသောကြောင့် စုစုပေါင်း တစ်ပတ်အတွင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၈၁ သန်းခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသော ကိန်းဂဏန်းများအရ သိရသည်။

ဧပြီ ၁ ရက်မှ ဇူလိုင်လ ပထမပတ်အထိ ဘတ်ဂျက်တစ်ခုလုံးကို ခြုံကြည့်လျှင်မူ တရုတ်နှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ၊ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၁၉ သန်း၊ ဘင်္ဂလားဒေ့ရှ်နှင့် နှစ်သန်း၊ အိန္ဒိယနှင့် ၁၇ သန်း ရှိသည့်အတွက် စုစုပေါင်း နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရှိနေကြောင်း သိရသည်။

အခြေခံ လူသုံးကုန် ပစ္စည်းများ၏ ဈေးနှုန်းများအား လေ့လာရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် ယခင် ၁၅၀၀ ကျပ်မှ ၁၈၀၀ အထိ လည်းကောင်း၊ ကျွဲရိုင်းတစ်ဘူးလျှင် ယခင် ၄၈၀ မှ ၆၂၀ အထိ လည်းကောင်း၊ M 150 တစ်ကတ်လျှင် ယခင် ၂၇၀၀ မှ ၃၂၀၀ သို့ လည်းကောင်း၊ ကော်ဖီအေး တစ်ကတ်လျှင် ၁၈၀၀ မှ ၂၀၅၀ အထိ လည်းကောင်း၊ ပဲနို့တစ်ကတ်လျှင် ၁၇၀၀ မှ ၂၀၀၀ အထိ လည်းကောင်း ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။

“အခြေခံ လူသုံးကုန်ပစ္စည်းတွေက တစ်ရက်တခြား ဈေးကြီးလာတယ်။ အထူးသဖြင့် ပြည်ပကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဈေးတက်တယ်။ ဒေါ်လာဈေးကတက်တော့ သွင်းကုန်သမားက သူ့ပစ္စည်းကို ဈေးတင်တယ်။ ဒါကြောင့် ဈေးနှုန်းတွေ မြင့်တက်လာတာပါ” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း ဒေါ်လာဈေး မြင့်တက်မှုကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းလာကာ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေကြောင်း၊ ၂၀၁၅ ခုနှစ်ဆန်းပိုင်း ADB ၏ ထုတ်ပြန်မှုအရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၈ ဒသမ ၄ ရာခိုင်နှုန်း ရှိနေကြောင်း၊ ထို့အတွက် ငွေကြေးဖောင်းပွမှု ဒီထက် မြင့်တက်မလာသင့်ကြောင်း၊ လက်ရှိ ကိန်းဂဏန်းထက် မြင့်တက်ပါက Double Digit ဖြစ်သွားလျှင် တိုင်းပြည်၏ စီးပွားရေး ကမောက်ကမ ဖြစ်နိုင်ကြောင်းလည်း စီးပွားရေးပညာရှင်များက သုံးသပ်သည်။

“ယိုးဒယားက သွင်းတဲ့ ကော်ဖီထုပ်တွေမှာ အရင် တစ်ထုပ်ကို ၂၉၀၀ ကနေ အခု ၃၂၀၀၊ အမွှေးဆပ်ပြာခဲ Kao ဆိုရင် အရင် ၅၀၀ ကနေ ၆၅၀ ဖြစ်သွားတယ်။ အချိုမှုန့်တွေလည်း ဈေးတက်တယ်။ အိမ်သုံးပစ္စည်းအားလုံး ဈေးတက်တယ်။ ဘာမဆီညာမဆိုင် ဆီဈေးကပါ လိုက်တယ်။ ပဲဆီဈေးက တစ်ပိ ဿာကို ၅၇၀၀ ကနေ ၅၉၀၀ ဖြစ်သွားတယ်” ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

ဒေါ်လာဈေး အားကောင်းနေခြင်းနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းလာခြင်း အပါအ၀င် အချို့သော စီးပွားရေး တိုးတက်မှုကို ဟန့်တားသည့် အကြောင်းအရင်းများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ၂၀၁၅ Article IV ခရီးစဉ်အပြီး ဇူလိုင် ၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာသည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း၊ ဒေါ်လာတန်ဖိုး အားကောင်းနေခြင်း၊ သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျလာခြင်းတို့က မြန်မာနိုင်ငံ၏ ဘတ်ဂျက်နှင့် ပြည်ပငွေပေးငွေယူ အခြေအနေများကို ပိုမို အားလျော့လာစေနိုင်ကြောင်း၊ ချေးငွေများ အလျင်အမြန် တိုးပွားလာနေခြင်း၊ ဘတ်ဂျက်လိုငွေ ချဲ့ထွင်လာခြင်းနှင့် ကုန်သွယ်ရေးလိုငွေပြမှု မြင့်မားလာခြင်းတို့ကြောင့် ဈေးနှုန်းတည်ငြိမ်မှုနှင့် ပြည်ပနှင့် အပေးအယူ တည်ငြိမ်မှုတို့အပေါ် အန္တရာယ်ရှိလာနိုင်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန် ဂျီဒီပီသည် ၈ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခဲ့သည်။ ပုဂ္ဂလိကကဏ္ဍသို့ ချေးငွေထုတ်ချေးပေးမှုသည် အလျင်အမြန် တိုးတက်နေခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ၃၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဘဏ္ဍရေး လိုငွေပြမှု ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းခဲ့ကြောင်း၊ သွင်းကုန်အလုံးအရင်းနှင့် တိုးတက်များပြားလာသည့်အတွက် သာမန်ငွေပေးငွေယူရှင်းတမ်း လိုငွေပြမှုသည် ဂျီဒီပီ၏ ခြောက်ရာခိုင်နှုန်းအထိ ဆက်လက်ကြီးထွားလာခဲ့ကြောင်း၊ အလားတူ ဗဟိုဘဏ်၏ လက်ဝယ်ရှိ နိုင်ငံခြား အရန်ငွေ ပမာဏသည် သွင်းကုန်တန်ဖိုး သုံးလစာအောက်တွင် ဆက်လက်ရပ်တည်နေခဲ့ကြောင်း၊ ကျပ်ငွေတန်ဖိုးမှာလည်း သိသိသာသာ ကျဆင်းလာကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ထုတ်ချေးငွေ တိုးပွားလာမှုကို ထိန်းကွပ်ရန်အတွက် ငွေကြေးဆိုင်ရာ မူဝါဒများကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ ဈေးကွက်တွင် ပိုလျှံနေသည့် ငွေဖြစ်လွယ်မှု အခြေအနေများကို ရှင်းလင်းဖယ်ရှားပစ်နိုင်ရန် အပ်ငွေလေလံများကို တိုးမြှင့်ဆောင်ရွက် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဘဏ်များ၏ အရန်ငွေ လိုအပ်ချက်ကို အသစ်သတ်မှတ်ပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြထားသည်။

ပြည်တွင်းဝယ်လိုအား ရှိနေသည့်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ယခင်နှစ်က ခန့်မှန်းထားသည့်အတိုင်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဆက်လက်တည်ရှိနေမည်ဟု မျှော်မှန်းထားပြီး အခြားတစ်ဖက်တွင်လည်း ပြည်ပငွေပေးငွေယူ ရှင်းတမ်း၏ သာမန် စာရင်းလိုငွေပြမှုနှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်းလည်း ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်လိုက်သည်။

“ငွေကြေးဖောင်းပွမှု မရှိရင် Growth လည်း မရှိဘူး။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ရဲ့ GDP Growth ကို ၈ ဒသမ ၅ ရာခိုင်နှုန်း ခန့်မှန်းထားတယ် ဆိုပေမယ့် ငွေကြေးဖောင်းပွမှုကို ပြန်ကြည့်ရင်လည်း ၈ ဒသမ ၄ လောက်မှာ ဖြစ်နေတော့ တိုင်းပြည်က စီးပွားရေး တိုးတက်တာကို ပြည်သူတွေ ခံစားရဖို့ မလွယ်ပါဘူး” ဟု မြန်မာ့စီးပွားရေး လေ့လာသူ ဦးမြင့်သောင်းက ပြောကြားသည်။

“စီးပွားရေး တိုးတက်ဖို့ဆိုရင် ဗဟိုဘဏ်မှာ အရန်ငွေကြေး တက်နေရမယ်။ ဈေးကွက်မှာ Labour Demand နဲ့ Labour Supply ညီမျှနေရမယ်။ အလုပ်လက်မဲ့နှုန်းကို သုညလောက်အထိ လျှော့ထားနိုင်ဖို့ လိုတယ်။ ကျွန်တော် CSO က ကိန်းဂဏန်းတွေကို ပြန်လေ့လာကြည့်တဲ့ အခါမှာ ပို့ကုန်ကဏ္ဍမှာ အစိုးရရဲ့ ပို့ကုန်ထက် ပုဂ္ဂလိက ကဏ္ဍရဲ့ ပို့ကုန်က နည်းနေတယ်။ တကယ်တော့ ပုဂ္ဂလိကက အစိုးရကဏ္ဍထက် များနေရမယ်။ ဒါပေမဲ့ သွင်းကုန်မှာကျတော့ အစိုးရထက် ပုဂ္ဂလိက ကဏ္ဍ ပိုများနေတယ်။ Industrial Structure ကို ပြန်ကြည့်တော့လည်း သိပ်ပြောင်းလဲလာတာ မတွေ့ရဘူး။ ဥပမာ-စားသောက်ကုန်တွေ ဆိုတာက လယ်ယာကဏ္ဍနဲ့ ဆက်စပ်တဲ့ ကုန်စည်တွေ ဖြစ်တယ်။ အဲဒီမှာ ကြည့်လိုက်ရင် တရုတ်နိုင်ငံက ၀င်လာတာတွေ ထိုင်းနိုင်ငံက ၀င်လာတာတွေပဲ များတယ်။ နောက် ဗီယက်နမ်ရှိတယ်။ မလေးရှားရှိတယ်၊ ကိုရီးယားရှိတယ်။ ပြည်ပက တင်သွင်းတာက အများစု ဖြစ်နေပါတယ်” ဟု ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ) က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍအား လေ့လာကြည့်ရာတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်ကဏ္ဍ ဖြစ်မလာသေးကြောင်း၊ ထို့ကြောင့်ပင် စားသုံးကုန် ပစ္စည်းများမှအစ ပြည်ပကသာ တင်သွင်းနေရကြောင်း၊ Import Competitive မဖြစ်ချင်း၊ ထုတ်လုပ်မှု အားနည်းခြင်းများကြောင့် မြန်မာနိုင်ငံ၏ အခြေအနေသည် သွင်းကုန်အား လျှော့ချနိုင်ခြင်း မရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒေါ်လာဈေး မြင့်တက်လာခြင်းသည် သွင်းကုန်များ မြင့်တက်ခြင်းနှင့် ဆက်စပ်ပတ်သက်နေကြောင်း၊ ကုန်သွယ်ရေးလိုငွေသည် တစ်လလျှင် သန်း ၅၀၀ နီးပါး ပြနေသည့်အတွက် တစ်နှစ်လုံးဆိုပါက ငါးဘီလျံဝန်းကျင် ရှိနေကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုကြောင့် အလုပ်သမား ဆန္ဒပြမှုများလည်း ဖြစ်ပေါ်နေကြောင်း၊ “နောက်တစ်ခုက အခု လူတွေက ပြောကြတာ ရှိတယ်။ လုပ်ခလစာတက်ရင် သုံးစွဲမှု မြင့်တက်မယ်တဲ့။ အဲဒါဆိုရင် GDP လည်း တက်မယ်ပေါ့ဗျာ။ Labour Charges တွေ တက်တာတော့ ဟုတ်ပါပြီ။ Consumption က ဘယ်ပစ္စည်းကို သုံးမှာလဲဆိုတာ ရှိပါတယ်။ ပြည်ပက သွင်းလာတာပဲ စားသုံးမယ်ဆိုရင် ဘာမှထိရောက်မှာ မဟုတ်ဘူး။ ပြည်ပနိုင်ငံတွေကိုပဲ အကျိုးပြုသလို ဖြစ်မယ်။ ဥပမာ-Huawei ဆိုရင် အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ သူ့အတွက် အကြီးမားဆုံး ဈေးကွက်ပဲ။ ဒါကြောင့် သူတို့ပဲ အကျိုးအမြတ်က ခံစားရမယ်။ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုက မရှိဘူး။ အဲဒီလို ဖြစ်နေမှတော့ မြန်မာငွေတန်ဖိုးက တက်နိုင်စရာကို မရှိဘူး” ဟု ဒေါက်တာအောင်ကိုကိုက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု ပမာဏ (Permitted) အမေရိကန်ဒေါ်လာ ၅၆ ဘီလျံကျော်ရှိပြီး Existing မှာ ၄၆ ဘီလျံ ရှိသော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၀င်ရောက်လာသည့် ပမာဏဖြစ်ကြောင်း၊ ၁၉၈၉ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်လာသော်လည်း Economic Growth မဖြစ်ခဲ့ကြောင်း၊ အမှန်စင်စစ် ပြည်ပမှ FDI များ ၀င်လာပါက Capital Inflow တက်သွားသည့်အတွက် မြန်မာငွေတန်ဖိုး ကျခြင်းနှင့် ပြောင်းပြန်ဖြစ်သွားလေ့ရှိကြောင်း၊ လက်ရှိအချိန်တွင် Outflow သာ များနေကြောင်း သိရသည်။

“၁၉၇၀ မှာ တရုတ်နိုင်ငံရဲ့ FDI ဟာ သုညအဆင့်မှာ ရှိတယ်။ ၂၀၀၁ ခုနှစ်မှာ FDI တွေဝင်လာဖို့ ဖိတ်ခေါ်ပြီးတဲ့နောက်ပိုင်း တရုတ်ဟာ ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာတယ်။ ၂၀၀၂ ခုနှစ် တရုတ်နိုင်ငံရဲ့ ပြည်ပပို့ကုန် ထက်ဝက်ကျော်က FDI နဲ့ ဆက်စပ်တဲ့ ပို့ကုန်တွေ ဖြစ်နေတယ်။ ဆိုလိုတာက FDI ၀င်လာတာနဲ့ အတူတူ Manage လုပ်နိုင်ဖို့လိုတယ်။ Export တက်မှ Foreign Reserve တက်မယ်။ အခုဆို တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အရန်ငွေကြေး အများဆုံးနိုင်ငံ ဖြစ်နေတယ်ဆိုတာ ပို့ကုန်ကို အခြေခံပြီး လုပ်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်တာပါ။ သူတို့လည်း စစချင်း အထည်ချုပ် လုပ်ငန်းလောက်က စခဲ့ရတာပါ” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ငွေကြေးဖောင်းပွမှု မြင့်တက်လာသည့်အတွက် ဒေါ်လာဈေး မြင့်တက်လာမှုနှင့်အတူ ရွှေဈေးနှုန်းလည်း မြင့်တက်လာကြောင်း၊ ဇူလိုင် ၁၆ ရက် ကမ္ဘာ့ရွှေဈေးကွက်တွင် ရွှေတစ်အောင်စ (နှစ်ကျပ်သားနီးပါး) လျှင် ၁၁၄၅ ဒသမ ၃၀ သာ ရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၅၀၀၀၀ ဖြစ်နေကြောင်း၊ ရွှေဈေးနှင့် နှိုင်းယှဉ်လျှင်ပင် မြန်မာငွေတန်ဖိုးမှာ သိသိသာသာ ကျနေကြောင်း သိရသည်။

ကမ္ဘာ့ဈေးကွက်တွင်မူ အမေရိကန်ဒေါ်လာသည် မာနေဆဲဖြစ်သော်လည်း သြစတြေးလျဒေါ်လာ၊ ကနေဒီယံဒေါ်လာ၊ ဂျပန်ယန်း၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်တို့နှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ မြင့်တက်နေကြောင်း၊ မြင့်တက်သည့် ပမာဏမှာလည်း ကိန်းပြည့်မဟုတ်ဘဲ ဒသမနောက်တွင်သာ မြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြန်မာငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်လာပါက အခြေခံ လူတန်းစားများ၏ စားဝတ်နေရေး ပိုပြီး ကျပ်တည်းလာနိုင်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

“မြန်မာနိုင်ငံရဲ့ အနေအထားကတော့ ကျွန်တော်တို့ အရင်က မျှော်လင့်တာက ဗီယက်နမ်နဲ့အပြိုင် သွားနိုင်မလား ဆိုတာမျိုးအထိ မျှော်လင့်တာပေါ့။ ဒါပေမဲ့ လက်ရှိ အခြေအနေမှာတော့ ကမ္ဘောဒီးယားတို့ လာအိုတို့နဲ့ပဲ ယှဉ်ပြိုင်ရမလို ဖြစ်နေပြီ။ အဓိကက ထုတ်လုပ်မှုမှာ ဘာမှမရှိတာပါ။ တကယ်လို့ ဒေါ်လာဈေးတက်ချိန်မှာ ကိုယ့်နိုင်ငံကသာ အများအပြား ထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်ပဈေးကွက်လည်း ရှိနေမယ်ဆိုရင် ဒါက အခွင့်အလမ်းကောင်းပဲ။ ဗီယက်နမ်ဆိုရင်လည်း စိုက်ပျိုးရေးနိုင်ငံပဲ။ ပြီးတော့ ကွန်မြူနစ်စနစ်ပဲ ကျင့်သုံးနေတဲ့နိုင်ငံ၊ ဒါပေမဲ့ စီးပွားရေးမှာ ထောင်တက်လာတယ်။ ဥပမာ-ဆန် ပြည်ပတင်ပို့မှုကိုကြည့်ရင် ထိုင်းနိုင်ငံကို မီတော့မယ်။ နောက်ပြီး ကော်ဖီကလည်း ပြည်ပ၀င်ငွေ အများအပြား ရနေတယ်။ နောက်ပြီး ငရုတ်ကောင်း၊ ပြည်ပတင်ပို့တာ အင်ဒိုနီးရှားကို ကျော်တော့မယ်။ သူတို့က ထုတ်လုပ်မှု အားကောင်းတော့ သူတို့စီးပွားရေးက တက်လာတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားမှာတော့ ဒီလို ဖြစ်မနေတဲ့အတွက် စီးပွားရေး တိုးတက်မှုမှာတော့ အတားအဆီး ဖြစ်နေတာ အမှန်ပါပဲ” ဟု မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဦးမြင့်သောင်းက ပြောကြားသည်။
Writer:
အငယ်ထွေး၊ နီလာ

    ပြည်တွင်း သတင်းများ