ရန်ကုန်မြို့တွင်း ဘူတာနှစ်ခုဖြစ်သည့် ပုဇွန်တောင်ဘူတာနှင့် ကြည်မြင့်တိုင်ဘူတာတို့ကို အထပ်မြင့်ယာဉ်ရပ်နားစခန်းများပါဝင်သော ဘူတာများအဖြစ် အဆင့်မြင့်တင်ရန် EOI ခေါ်ယူထားပြီး ယခုလကုန်ပိုင်းတွင် တင်ဒါခေါ်ယူမှုကို ပိတ်သိမ်းမည်ဖြစ်ကြောင်း လက်ရှိတွင် ပုဇွန်တောင်ဘူတာအတွက် ကုမ္ပဏီ ၁၅ ခုနှင့် ကြည်မြင့်တိုင် ဘူတာအတွက် ကုမ္ပဏီ ၃၉ ခု လာရောက်လျှောက်ထားမှုရှိကြောင်း သိရသည်။
“အဆင့်မြှင့်တင်မှုတွေလုပ်မှာကတော့ ဘူတာကြီး သုံးခုကို အဆင့်မြှင့်တင်မယ်၊ အခုလောလောဆယ်တော့ ပုဇွန်တောင်နဲ့ ကြည်မြင့်တိုင်ကို EOI ခေါ်ထားတယ်၊ EOI ပိတ်ပြီးတာနဲ့ စီစစ်ရွေးချယ်ပြီး ဆွေးနွေးမှုတွေလုပ်မယ်၊ ရန်ကုန်ဘူတာကြီးတင်ဒါခေါ်ဖို့ကတော့ ဆောင်ရွက်နေဆဲပဲ၊ အတိအကျပြောလို့ မရသေးဘူး၊ ကုမ္ပဏီတွေကတော့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေ အားလုံးပါပါတယ်”ဟု “မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး)”မှ အထွေထွေမန်နေဂျာ ဦးထွန်အောင်သင်းက ပြောသည်။
ပုဇွန်တောင်ဘူတာအတွက် EOI ခေါ်ယူမှုကို ဇူလိုင် ၂၇ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ပြီး ကြည်မြင့်တိုင်ဘူတာအတွက် EOI ခေါ်ယူမှုကို သြဂုတ်လ ၅ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ ရန်ကုန်ဘူတာကြီးအတွက် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပြီး EOI ခေါ်ယူမှုမရှိသေးကြောင်း သိရသည်။
ဘူတာများ အဆင့်မြှင့်တင်မှုတွင် အထပ်မြင့်ယာဉ်ရပ်နားစခန်းများ၊ Shopping Mall များ၊ ကစားကွင်းများ၊ ဟိုတယ်များ ပါဝင်မည်ဖြစ်ပြီး ပုဇွန်တောင်ဘူတာ၌ ယာဉ်အစီးရေ တစ်ထောင်ခန့်ရပ်နားနိုင်မည့် ကားပါကင်ရှိမည်ဖြစ်ကြောင်း ကြည်မြင့်တိုင်ဘူတာ၌ ယာဉ်အစီးရေ ငါးထောင်ခန့်ရပ်နားနိုင်မည့် အထပ်မြင့်ကားပါကင် ပါရှိမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
နောင်ရဲ