ကားပါကင်ထောက်ခံချက်လျှောက်ထားရာကားအမျိုးအစားနေရာတွင်Proboxကားအမျိုးအစားကားများကို နေရာအကျယ်အ၀န်းနှင့်မကိုက်ညီဘဲလျှောက်ထားခြင်း၊အမှန်တကယ် ၀ယ်ယူတင်သွင်းသူမဟုတ်ဟုယူဆရခြင်း၊ပါကင်နေရာများအားရောင်းစားသည်ဟုသံသယရှိခြင်း၊အငှားယာဉ်ပြုလုပ်သူများအတွက်Proboxကားသည်အရောင်းအ၀ယ်အဖြစ်ဆုံးဖြစ်သောကြောင့် ပြန်လည်စိစစ်ရန်အတွက် ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“Probox အမျိုးအစားနဲ့ ကားပါကင်လျှောက်မယ်ဆိုရင် ခွင့်ပြုမပေးတာမဟုတ်ပါဘူး၊ အမှန်တကယ် တင်သွင်းတဲ့သူမဟုတ်လို့ သံသယရှိတဲ့အတွက် ပြန်လည်စိစစ်ဖို့ ပယ်ဖျက်လိုက်တာဖြစ်တယ်၊ Probox အမျိုးအစားမဟုတ်ဘဲ တခြားအိမ်စီးကားအမျိုးအစားတစ်ခုခုနဲ့ လျှောက်မယ်ဆိုရင်လည်း အမှန်တကယ်မတင်သွင်းဘူးလို့ယူဆရရင် ပြန်လည်စိစစ်ဖို့ ပယ်ဖျက်သွားမှာပါ၊ တချို့ကားပါကင်လျှောက်ထားတဲ့သူတွေက သန်းခေါင်စာရင်းထဲက အလုပ်အကိုင်မှာ ‘ကျပန်း’လို့ ဖော်ပြထားပြီး Probox လိုကားမျိုး လျှောက်တဲ့အတွက် ကားတင်သွင်းဖို့ မဖြစ်နိုင်ဘူးလို့ ယူဆပြီး ချမပေးတာလည်းရှိပါတယ်”ဟု ရန်ကုန်တိုင်းဒသကြီးအစိုးရအဖွဲ့ရုံး၊ ကားပါကင်ထောက်ခံချက် စိစစ်ထုတ်ပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကားပါကင်ထောက်ခံချက် ရရှိပြီး၍ ကားအမျိုးအစား ပြန်လည်ပြောင်းလဲလိုပါက ပြောင်းလဲခွင့်ပြုသွားမည်ဖြစ်ပြီး သွင်းကုန်လိုင်စင်ထွက်ပြီးပါက လျှောက်ထားသည့်ကားအမျိုးအစားကိုသာ တင်သွင်းရမည်ဖြစ်သည်။ ကားပါကင်ထောက်ခံချက်လျှောက်ထားရာတွင် အမှန်တကယ်တင်သွင်းခြင်း ရှိ၊ မရှိ စစ်ဆေးနေသည့်အချက်များမှာ လျှောက်ထားသည့်လိပ်စာနှင့် လမ်းအခြေအနေအားကြည့်ခြင်း၊ လျှောက်ထားသူ၏ အိမ်ထောင်စုစာရင်းတွင်ပါဝင်သည့် အလုပ်အကိုင်အခြေအနေအား ကြည့်ခြင်း၊ လျှောက်ထားသည့် ကားအစီးအရေနှင့် မြေနေရာအကျယ်အ၀န်း ကိုက်ညီမှု ရှိ၊ မရှိ တို့အားစစ်ဆေးခြင်းတို့ဖြင့် ခွင့်ပြုပေးသင့်၊ မသင့်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကားပါကင်စီစစ်ထုတ်ပေးရေးအဖွဲ့မှ သိရသည်။
ကျော်သိန်းဆွေ