စက်မှုဇုန်ထုတ်ကားများကို မှတ်ပုံတင်သက်တမ်း ဆယ်နှစ်ကျော်မှ အပ်နှံခွင့်ပြုမည်ဟု သတင်းထုတ်ပြန်ပြီးနောက်ပိုင်းတွင် စလစ်ဈေးများ တဖြည်းဖြည်းမြင့်တက်သွားပြီး ကားလောကအတွင်း ၁၉၉၄ မိုဒယ်အောက်ကားများကို လိုင်စင်သက်တမ်းတိုးမပေးတော့ဘဲ နယ်ပို့မည်၊ ဇုန်ကားများကို အက္ခရာအလိုက် အပ်နှံခွင့်ပေးမည်စသဖြင့် ကောလာဟလသတင်းများ ထွက်ပေါ်လာခဲ့သည်။

ထိုသတင်းများနှင့် ပတ်သက်၍ ကညနမှ အကြီးတန်းအရာရှိတစ်ဦးက “စက်မှုဇုန်ထုတ်ကားတွေကို အက္ခရာအလိုက် အပ်နှံခွင့်ပေးမယ်၊ ၁၉၉၄ မိုဒယ်အောက်ကားတွေကို ရန်ကုန်လိုင်စင်ဆိုရင် သက်တမ်းမတိုးပေးတော့ဘဲ နယ်ပို့မယ်ဆိုတဲ့သတင်းတွေက မဟုတ်ပါဘူး၊ စလစ်ဈေးကစားဖို့အတွက် လုပ်ကြံဖန်တီးတဲ့သတင်းတွေဖြစ်ပါတယ်၊ ကညနအနေနဲ့လည်း ဒီကောလာဟလသတင်းတွေကို ထုတ်ပြန်ဖို့နေနေသာသာ၊ ကြားတောင်မကြားမိပါဘူး”ဟု ပြောကြားခဲ့သည်။
စက်မှုဇုန်ထုတ်ကားများ အပ်နှံမှုကို မှတ်ပုံတင်သက်တမ်း ဆယ်နှစ်သတ်မှတ်ပြီးနောက်ပိုင်းတွင် စလစ်ဈေးများ တဖြည်းဖြည်းမြင့်တက်နေပြီး သိန်း ၇၀ ၀န်းကျင်အထိ ရောက်ရှိသွားနိုင်ဖွယ်ရှိသည်ဟု ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။ မှတ်ပုံတင်သက်တမ်း ဆယ်နှစ်ကျော်သည့် စက်မှုဇုန်ကားများသည် အစီးရေ ရာဂဏန်းမျှသာရှိသောကြောင့် အရောင်းအ၀ယ်လည်း မရှိသလောက်နည်းပါးကြောင်း ကားဝယ်ရောင်းများထံမှ သိရသည်။
ကိုဖြိုး