ကားပါကင်များ ရှားပါးလာခြင်းကြောင့် သန်လျင်၊မှော်ဘီ၊လှည်းကူးမြို့နယ်များမှ မြေပိုင်ရှင်များက ကားပါကင်ထောက်ခံချက်များပြုလုပ်လာပြီး ဈေးကွက်အတွင်း ရောင်းချမှုများပြုလုပ်နေသဖြင့် ဧပြီလ နောက်ဆုံးပတ်က လျှောက်လွှာအစောင် ၂၀၀ ကျော်ကို ပြန်လည်စီစစ်ရန် ယာယီပယ်ဖျက်ခဲ့ကြောင်းသိရသည်။
“ခရိုင်အဆင့်တွေကနေ ပါကင်ထောက်ခံချက်ကို သေချာမစစ်ဆေးဘဲနဲ့ တင်ပေးလိုက်တဲ့အတွက် တိုင်းအဆင့်မှာ စစ်ဆေးတဲ့အခါ အမှန်တကယ်တင်သွင်းမယ့်သူမဟုတ်တာတွေကို စစ်ဆေးတွေ့ရှိခဲ့တယ်၊ အရင်တစ်ပတ်ကဆိုရင် တိုင်းအဆင့်မှာ ပါကင်ထောက်ခံချက်ကို အစောင်ရေ ၂၈၀ ထိ ပြန်လည်စီစစ်ဖို့ ပယ်ချလိုက်ပါတယ်၊ ဒီလိုပယ်ချလိုက်ရတာလည်း အဆိုပြုနေရာမှာ အမှန်တကယ် ကားထားမှာမဟုတ်ဘူးလို့ယူဆရတဲ့အတွက်ဖြစ်ပါတယ်၊ ပယ်ချလိုက်တဲ့ အစောင် ၂၈၀ မှာ အမှန်တကယ်ဝယ်ယူမှာဖြစ်တဲ့အကြောင်းလာရောက်တင်ပြတာ ၅ ဦးပဲရှိပါသေးတယ်၊ကားတင်သွင်းတယ်၊ မတင်သွင်းဘူးဆိုတာက တစ်နေရာတည်းမှာ ကားအစီး ၅၀ လောက်လျှောက်ထားတာရယ်၊ လျှောက်တဲ့မြေပိုင်ရှင်ကလည်း လယ်ဧကတွေ၊ ကွင်းပြင်နေရာတွေပြပြီး လာလျှောက်တာရယ်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်၊ သက်ဆိုင်တဲ့ခရိုင်မြို့နယ်က သေချာစစ်ဆေးရင် ဒါမျိုးတွေဖြစ်လာမှာမဟုတ်ပါဘူး”ဟု ကားပါကင်ထောက်ခံချက် စီစစ်ထုတ်ပေးရေးအဖွဲ့၊တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကားပါကင်ရှိမှ ကားတင်သွင်းရသည့်စနစ်ကြောင့် ပါမစ်လျှောက်ထားရာတွင် အခက်အခဲများရှိလာခဲ့ပြီး ကားပါကင်ထောက်ခံချက်ရရှိရန်အတွက် ငွေကျပ် ၅ သိန်းဝန်းကျင်ပေးပြီး ၀ယ်ယူလာကြကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။
“ကားပါကင်ထောက်ခံချက် စတင်တဲ့အချိန်မှာ တစ်စောင်ကို ၂ သိန်းနဲ့ ၂သိန်းခွဲ ၀န်းကျင်ပဲရှိတယ်၊နောက်ပိုင်းမှာ ကားပါကင်ထောက်ခံချက် ပြုလုပ်လို့ရမယ့်နေရာ ရှားပါးလာတဲ့အတွက် ဈေးတွေလည်း တဖြည်းဖြည်းမြင့်တက်လာပါတယ်၊ တစ်ချို့ဆိုရင် မြေနေရာအကျယ်အ၀န်း တော်တော်များများရှိတဲ့ မြေပိုင်ရှင်တွေဆီကနေ ကားပါကင်ထောက်ခံချက်တွေကို လိုက်လံဝယ်ယူနေတာတွေ ရှိတယ်”ဟု ကားဝယ်ရောင်းတစ်ဦးက ဆိုသည်။
ကားပါကင်ထောက်ခံချက်များ လျှောက်ထားရာ၌ မြေဧကအကျယ်အ၀န်းများပြားသည့် တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်များမှ အများဆုံး လာရောက်လျှောက်ထားနေလျက်ရှိကြောင်းသိရသည်။

ကျော်သိန်းဆွေ