ရန်ကုန်၊ ဧပြီ ၂၇
.
သင်တန်းကာလအပြီးတွင် ယာဉ်မောင်းလိုင်စင်ရသည်အထိ ဆောင်ရွက်ပေးသည့် ယာဉ်မောင်းသင်တန်းများ ဖွင့်လှစ်လာကြောင်း ပုဂ္ဂလိကပိုင် ယာဉ်မောင်းသင်တန်းများမှ စုံစမ်းသိရှိရသည်။
ပြည်တွင်း၌ ကညနနှင့် အစိုးရပိုင်သင်တန်းများအပါအ၀င် ပုဂ္ဂလိက ယာဉ်မောင်းသင်တန်းများ အများအပြားဖွင့်လှစ်လျက်ရှိရာ သင်တန်းအများစု၌ ယခင်သင်ကြားခဲ့သည့် အမောင်းသင်၊ အတတ်သင်အပြင် ‘ခ’ ယာဉ်မောင်းလိုင်စင်ရရှိသည်အထိပါ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
“ယာဉ်မောင်းသင်တန်းကျောင်းတစ်ခုအနေနဲ့ သင်တန်းသားတွေကို အစ၊ အဆုံး ဆောင်ရွက်ပေးချင်တယ်၊ ဒါကြောင့် လိုင်စင်ရတဲ့အထိဆောင်ရွက်ဖြစ်တာပါ၊ သင်တန်းမှာ အမောင်းသင်နဲ့ အတတ်သင်နှစ်မျိုးရှိပါတယ်၊ အတတ်သင်ကတော့ လိုင်စင်ရတဲ့အထိ ဆောင်ရွက်ပေးတယ်၊ အမောင်းသင်က သင်တန်းကြေး ကျပ်ခုနစ်သောင်း၊ အတတ်သင်ကတော့ ကျပ် ၁၄၀,၀၀၀ ပါ”ဟု ယာဉ်မောင်းသင်တန်းကျောင်းဖွင့်လှစ်မှုတွင် လိုင်စင်ရသည်အထိ ဆောင်ရွက်ပေးသည့် ‘JES Driver Academy ယာဉ်မောင်းသင်တန်းကျောင်း’မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆက်လက်၍ “သင်တန်းပြီးတာနဲ့ လိုင်စင်ရအောင်လုပ်ပေးတယ်ဆိုရင်တော့ အရမ်းကောင်းပါတယ်၊ ကိုယ့်ဘာသာကိုယ် လိုင်စင်လုပ်ရတာ ပင်လည်းပင်ပန်းတယ်၊ အလုပ်လည်း ရှုပ်တယ်၊ ဒီလိုယာဉ်မောင်းသင်တန်းကျောင်းတွေ များများပေါ်လာစေချင်ပါတယ်”ဟု မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်နေ ကိုအောင်ဇေယျက ၎င်း၏အမြင်ကို ပြောသည်။
ပြည်တွင်း၌ ယာဉ်မောင်းသင်တန်းကျောင်း ၂၁ ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၁၄ ခု၊ မန္တလေးတိုင်းဒေသကြီးတွင် လေးခုနှင့် ရှမ်းပြည်နယ် လားရှိုးတွင် သုံးခုရှိကြောင်း၊ သို့သော် သင်တန်းအပြီး ယာဉ်မောင်းလိုင်စင်ရရှိရန် ဆောင်ရွက်ပေးသောသင်တန်းကျောင်းမှာ မရှိသလောက်နည်းပါးကြောင်း သိရသည်။
မာကို